မော်လမြိုင် မေ ၂၄
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းချက်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ဥပဒေရေးရာဝန်ကြီးဌာန ပထမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်း၊ ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်၊ မော်လမြိုင်ခရိုင်ဥပဒေအရာရှိ ဦးကိုကိုမောင်၊ သထုံခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်အေး၊ ရေးခရိုင်ဥပဒေအရာရှိ ဦးနိုင်ဦးမြင့်တို့က ဥပဒေရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ ဆွေးနွေးချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းချက်အနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် မွန်ပြည်နယ်ဥပဒေချုပ်ရုံးက ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည့် ပြည်သူ့အတွက် ကြိုးပမ်းချက်အစီအစဉ်ဗွီဒီယိုအား ဖွင့်လှစ်ပြသခြင်းကို ပြုလုပ်ခဲ့ကြောင်း၊ မွန်ပြည်နယ် ဥပဒေချုပ်ရုံးအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ဆွေးနွေးမှာကြားရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည့် ပြည်သူ့အတွက် ကြိုးပမ်းချက်အနေဖြင့် ယခုအစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးအညွှန်းကိန်းအဖြစ် ပြည်သူများ ဥပဒေအသိပညာ ရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးများမှတစ်ဆင့် ဖြန့်ဝေပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိ ပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်း (TOT)များကို ဖွင့်လှစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သော AI နည်းပညာဖြင့် ဥပဒေဆိုင်ရာ အမေး၊ အဖြေဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ရုံးများက အမေးအဖြေများပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအပေါ် ပြည်သူများ ယုံကြည်ကိုးစားမှုရှိလာစေရေးအတွက် ဥပဒေအရာရှိများ ကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင် လုပ်ကိုင်နိုင်ရေးအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးခြင်း၊ မေးမြန်းခြင်း(Interview) များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း ဥပဒေအရ တန်းတူအခွင့်အရေးရရှိစေရေးအတွက် ရှေ့ပြေးဥပဒေရုံး၊ (Pilot Law Office) များကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို ကာလတို၊ ကာလလတ်၊ ကာလရှည်အလိုက် အရှိန်အဟုန် မပျက်ဆောင်ရွက်သွားရမည်ဖြစ်၍ ဥပဒေအရာရှိများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုဆွေးနွေးရှင်းလင်းခြင်း အစီအစဉ်တွင် မရှင်းလင်းသည်များ ရှိပါက၊ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိနှင့် ဥပဒေအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများရှိ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)