ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေး ဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်

ပုသိမ်ကြီး မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ပန်းတိုင်သီးနှံများမျိုးကောင်း၊ မျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး၊ သဘာဝမြေဩဇာများနှင့် ရောစပ်အသုံးပြုရေး နည်းလမ်းများ၊ သီးနှံဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ Biochar ပြုလုပ်သုံးစွဲနည်း၊ ကောက်ရိုး၊ နှမ်းရိုးများဖြင့် သဘာဝမြေဆွေးပုံများ ပြုလုပ်သုံးစွဲနည်းများအား ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ယဉ်မိုးအေးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တာဝန်ခံများက အသီးသီး ဟောပြောဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ လက်သစ်ကျေးရွာရှိ  တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေဝတီ (ပုသိမ်ကြီး)