အမရပူရ မေ ၂၄
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး ရက် (၁၀၀) စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၂ ရက်မွန်းလွဲ ၂ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂၌ ကျင်းပပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အိအိစိုးမင်းနှင့် သင်တန်းပို့ချပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပြီးနောက် အမရပူရမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်သည်။
ထို့နောက်မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ပြည်ကြီးတံခွန်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ပူးတွဲ တတိယဆုရ သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး အမရပူရခရိုင် ပညာရေးမှူး ဒေါ်ထုလွမ်က သင်တန်းပို့ချပေးခဲ့သည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းသို့ အမရပူရမြို့နယ်မှ သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးနှင့် ပြည်ကြီးတံခွန်မြို့နယ်မှ သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၁ ရက်နေ့ထိဖြစ်ပြီး၊ Module 1: Developing Communicative Skills, Module 2: Communicative Grammar, Module 3: Familiarising Teachers with Materials,Module 4: Classroom Language ဘာသာရပ်များကို ပို့ချခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)