ချင်းရွှေဟော် ဇန်နဝါရီ ၁၉
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ ၁၇ ရက်နေ့က (၆) ဉီးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၂)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၂)ဉီးတို့မှာ အမျိုးသား(၆)ဉီး၊ အမျိုးသမီး (၆)ဉီး တို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ (၁)ဉီး၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့နယ်မှ (၅)ဉီး၊ ကျောက်မဲမြို့နယ်မှ(၁)ဉီး၊ နမ္မတူမြို့နယ်မှ(၁)ဉီးနှင့် မိုးမိတ်မြို့နယ်မှ(၂)ဉီးတို့ ဖြစ်သည်။
ထိုသို့ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် ထားရှိကာ ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များရယူ၍ စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင် (ပြန်/ဆက်)