မိုင်းဆတ် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် ဆေးရုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးဇော်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်တို့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေး၊ ပြင်ပလူနာဌာန(OPD)၊ သားဖွားမီးယပ်နှင့် ခွဲစိတ်ကုသမှုများ အရည်အသွေးပြည့် ဝန်ဆောင်မှုပေးနိုင်ရေး၊ ဆေးရုံတွင်လိုအပ်သော ဆေးဝါးများ အလုံအလောက်ရှိစေရေး၊ နေ့စဉ်တာဝန်ကျ ဆရာဝန်၊ သူနာပြုများအနေဖြင့် ဒေသခံပြည်သူလူထုအတွက် တာဝန်ကျေပွန် စွာထမ်းဆောင်ပေးနိုင်ရေး၊ အရေးပေါ်လူနာများအား ၂၄ နာရီပတ်လုံး အချိန်မီ ထိရောက်စွာ ကုသပေးနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ဆေးရုံ၏ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်အိုးများ စနစ်တကျပြင်ဆင်ထားရှိမှုနှင့် လမင်းစီမံချက်ဖြင့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် လိုအပ်သည့် သွေးအုပ်စုစစ်ဆေးခြင်းကို အခမဲ့ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသသည့် ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် ကုသနိုင်ရေးနှင့် အမှန်တကယ် အားကိုးအားထားပြုနိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းရှိ လူနာဆောင်များနှင့် ဆေးဝါးသိုလှောင်ထိန်းသိမ်းထားရှိမှုများသို့ လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)