ကလော မေ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်ကာယညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ Football For School Program အစီအစဉ်ဖြင့် ဘောလုံးသင်တန်း ဆင်းပွဲကို မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က ဘောလုံးသင်တန်းဆင်းပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများ အားဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအားကစားဘောလုံးသင်တန်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ သင်တန်းသား(၃၀၃)ဦးတို့ကို ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှ ၂၂ ထိ သက်ဆိုင်ရာ ကျောင်းများတွင် အားကစားနည်းပြဆရာများက သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
ကျော်ဝင်း(ကလော)