နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  နေပြည်‌တော်အတွင်း သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်  နေပြည်တော်ကောင်စီဝင်များ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင်  မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်၊ အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်ရန်အမှိုက်ပုံးများ လုံလောက်စွာထားရှိပြီး အချိန်မှန်စွန့်ပစ်ရန်၊ ကျောင်းဝင်းအတွင်း သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ သောက်သုံး‌ရေ လုံလောက်စွာ ရရှိ‌ရေးမှာကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် သင်ထောက်ကူပစ္စည်းများ‌ ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  သန့်ရှင်း‌ရေးလာရောက်ဆောင်ရွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူတို့အား  ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့နယ်၊ ရွှေမြို့၊ မွေးမြူရေးဇုန်သို့သွား‌ရောက်ပြီး ဥစားကြက်မွေးမြူရေးအတွက် လျာထားမြေနေရာ‌ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းနှင့် တာဝန်ရှိသူများက လျာထားမြေနေရာ‌ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် မွေးမြူရေးဇုန်ရှိ ဦးမြတ်မင်းလတ်၏ ဒေသဆိတ် (ထိန်စမ်း) မွေး‌မြူရေးခြံသို့ သွားရောက်ပြီး မွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့်ဆွေ့ဆုံပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်‌‌ဆောင်ရွက်ရန် လျာထားမှုအ‌အခြေအနေများကိုရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့်နိုင်ငံဖြစ်ကြောင်း၊ နေပြည်တော်တွင် အသားကဏ္ဍဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာများ စနစ်တကျ စိုက်ပျိုးနိုင်ရေးနှင့် သန့်ရှင်းသောရေများရရှိနိုင်ရေး၊  မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သောနည်းပညာပိုင်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကုန်ထုတ်လမ်းများ စနစ်တကျဆောင်ရွက်နိုင်‌ရေးနှင့် မွေးမြူရေးဇုန်ပတ်ဝန်းကျင် လုံခြုံကိစ္စရပ်များ စနစ်တကျဆောင်ရွက်ရေးတို့ကိုမှာကြားပြီး မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဒေသဆိတ် (ထိန်စမ်း) အကောင်ရေ (၂၀၀) မွေးမြူထားရှိမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ယင်း‌နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ  ဒေါက်တာမြတ်စံ၏ ဥစားကြက်အ‌ကောင်ရေ (၂၈၀၀၀) မွေးမြူထား‌ရှိမှုအား ကြည့်ရှုအားပေးပြီး ထပ်မံတိုးချဲ့မွေးမြူမည့်အခြေအနေအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတွမ်ခင်ဝင်း၏ နို့စားနွားမွေးမြူရေးခြံသို့သွားရောက်ပြီးမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အဓိကထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသားကဏ္ဍနှင့် ဥဖူလုံရေး အလေးထားဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်မှ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချမှတ်ပေးသော မြေများအား စနစ်တကျအကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူးရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ထို့နောက် နို့စားနွားအကောင် (၂၀၀မွေးမြူထားရှိမှု၊ နို့အေးနှင့် ဒိန်ချဉ်စက်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)