ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်မတိုင်မီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်မတိုင်မီ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြစဉ် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများက အရိပ်ရပင်များ အောက်ခြေရှင်းအလင်းဖွင့်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ထွက်ရှိလာသော အမှိုက်များအား မော်တော်ယာဉ်များဖြင့် သိမ်းယူကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တွင် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချင်းပျံလမ်း ကွန်ကရစ်ခင်းခြင်း နှင့် Box Culvert (၂) စင်း ပြုလုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ဗောဓိလမ်းအားလည်းကောင်း၊ သတ္တဌာနလမ်းအားလည်းကောင်း၊ စစ်တွေလေဆိပ်သို့ အလိုတော်ပြည့်ကျောင်းရှေ့မှ ဝင်ရောက်သည့်လမ်းအားလည်းကောင်း၊ မင်းဂံရပ်ကွက်အတွင်းရှိ လမ်းများအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများကို  ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်ရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး စေတနာထားကာ ဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဂံရပ်ကွက်၊ ABC ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကြပြီး ဂေဟာအတွင်း လှည့်လည်ကြည့်ရှုကာ  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာဘုရားပုရဝုဏ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရန်လျာထားသည့် နေရာများကို လှည့်လည်ကြည့်ရှုကြပြီး အနောက်စံပြရပ်ကွက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် မြေနေရာတွင် သိုလှောင်ရုံ ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ  တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)

ဓာတ်ပုံ- ဝင်းမင်းစိုး