မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေ ပေးအပ်

မော်လမြိုင် မေ ၂၄

မွန်ပြည်နယ်အတွင်း သန့်ရှင်းသာယာလှပသော အခြေခံကျောင်းများ ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲဝင်များက  ကျောင်းပတ်ဝန်းကျင်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က  မကြာမီကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအပ်နှံနိုင်ရေးအတွက် စာသင်ကျောင်းဆောင်များ ပြင်ဆင်ထားရှိမှု၊ ကျောင်းအပ်နှံရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ သန့်ရှုင်းသာယာမှု ရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့တက်ရောက်ရန်  မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေး စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွပူးပေါင်း၍ နိုင်ငံတော်အပါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆)  သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)