ပုဗ္ဗသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့် တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပုံမှန်လည်ပတ်မှုရှိစေရန်အတွက် ဆွေးနွေးပွဲကို ယမန့်နေ့ မွန်းလွဲပိုင်း က ညောင်လူးကျေးရွာ အလင်းသစ်စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန္တာလင်း က ရပ်ကွက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များအနေဖြင့် စာကြည့်တိုက်များ ရေရှည်တည်တံ့နေစေရုံသာမက ပုံမှန်လည်ပတ်မှုရှိစေရန်အတွက်ပါ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့နှင့် ပူးပေါင်းပြီးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် စာကြည့်တိုက်များရှိ စာအုပ်စာစောင်များ ပျက်စီးမှုမရှိစေရန် စနစ်တကျထိန်းသိမ်းထားရှိရန် လိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈)အုပ်စု၊ ကျေးရွာပေါင်း (၇၂)ရွာတွင် စံညီစာကြည့်တိုက် စုစုပေါင်း (၁၁) တိုက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)