မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မြစ်သား မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့မှစတင်၍  ထုတ်ချေး‌နေပြီဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး ခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ချေးငွေ ညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ယခင်နှစ် ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများပြေကျေ စွာပေးဆပ်ပြီးသော ကျေးရွာအုပ်စု ၇ အုပ်စု တောင်သူပေါင်း ၂၃၆ ဦး၏ ဧကပေါင်း ၉၉၅ ဧက အတွက် စပါး  ၁ ဧကလျှင်  ၃ သိန်းနှုန်းနှင့် အခြားသီးနှံ ၁ဧကလျှင် ၂ သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်းပေါင်း ၂၈၉၄.၅၀ သိန်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်‌‌ချေး‌ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်‌ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်‌ချေးပေးသွားမည်ဖြစ်‌ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ဝါဝါမြင့်(မြစ်သား)