ကျောက်ပန်းတောင်း မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ခွေးရူးရောဂါဖြစ်ပွားမှု မရှိရန် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ခေါင်းစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက် ၁၀ နာရီက လယ်ယားတောင် ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်း (လက်ထောက်ညွှန်ကြားရေးမှူး)က ခွေးရူးရောဂါ ကာကွယ်ရေး သိကောင်းစရာများဖြစ်သည့် ခွေးရူးရောဂါဖြစ်ပွားရသည့်အကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ခွေးရူးရောဂါ ကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသော သူများ၊ ခွေးတွင် ခွေးရူးရောဂါ ဖြစ်ပွားနေကြောင်း ခွဲခြားသိရှိနိုင်မည့် အခြေအနေများ၊ လူတွင် ဖြစ်ပွားတတ်သည့် ခွေးရူးပြန်ရောဂါ လက္ခဏာများနှင့် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ လူတွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးနှံရမည့် အခြေအနေများနှင့် ခွေးကိုက်ခံရပါက နီးစပ်ရာဆေးဖက်ဆိုင်ရာ ဆေးရုံး၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်၍ ကာကွယ်ဆေး ထိုးနှံရန်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောသည်။ ယင်းနောက် တက်ရောက်လာသူများမှ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ ခွေးရူးရောဂါ ကာကွယ် တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါ အဟောပြောပွဲသို့ ရေထွက်ကျေးရွာမှ ကျေးရွာတာဝန်ခံနှင့် ရပ်မိ ရပ်ဖများ၊ ကျေးရွာပြည်သူများ ၅၆ ဦး တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်ဦးစီးမှူးက ကျေးရွာရှိ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(လက်ပံပျား)တွင် မိမိတို့ ဝါသနာဖြင့် ကိုက်ညီမည့် ဘာသာရပ်များကို ရွေးချယ်၍ ဆက်လက်တက်ရောက်သင်ကြားနိုင်မည့် အခြေအနေများနှင့် ရရှိနိုင်မည့် အခွင့်အရေးများ အကြောင်းကိုလည်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)