မိုင်းရှူး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာ(၆၂)ရွာ၊ အိမ်ထောင်စုပေါင်း (၁၈၅၇)စုအတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟိုက်ပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၇)ရွာ၌ ဆိုလာ 60W (၂၅၂)လုံး၊ စာသင်ကျောင်း (၂)လုံး၊ ဆေးပေးခန်း (၁)လုံး၊ ဘာသာရေးအဆောက်အဦ (၅)လုံးနှင့် လမ်းမီးတိုင် (၃၁)တိုင် တပ်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့်ကျေးရွာများကို ဆက်လက်တပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ မီးလင်းရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၆၂)ရွာတွင် ဆိုလာ 60W (၁၆၁၉)လုံး၊ 100W (၂၄၄) လုံး၊ စာသင်ကျောင်း (၂၂)လုံး၊ ဘာသာရေးအဆောက်အဦ (၃၆)လုံးတို့ကို တပ်ဆင် ပေးသွားမည်ဖြစ်ပြီး တစ်အိမ်သုံး ဆိုလာများကို (100)W အတွက် ဆိုလာတန်ဖိုး၏ (၂၀%)ပြည်သူထည့်ဝင်ငွေကျပ် တစ်သိန်းငါးသောင်း၊ (60)W အတွက် (၂၀%)ပြည်သူထည့်ဝင်ငွေကျပ် ငါးသောင်းတို့ကို အရစ်ကျ(၂) ကြိမ် ထည့်ဝင်ခဲ့ခြင်းဖြစ်ကာ အများသုံးဖြစ်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦ၊ လမ်းမီးတိုင်တို့ကို အခမဲ့တပ်ဆင်ဆောင်ရွက်ပေးကြောင်း မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)