မိုင်းရှူး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၅၀)မှ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိ သည့် ရေအရင်းအမြစ်များမှ ရေနမူနာများ ရယူကာ E.coli ဗက်တီးရီးယားပိုး ပါဝင်မှု ရှိ/မရှိ ရေအရည်အသွေးများကို E.coli Test Kit ဖြင့် ဇန်နဝါရီလ ပထမပတ်မှ စတင်စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းတို့က ကျေးရွာနေ ပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသော အများသုံးနေရာများမှ ရေနမူနာများရယူပြီး ရေထဲတွင် အီကိုလိုင်(E.coli) ဗက်တီးရီးယားပိုး၊ လူနှင့်တိရစ္ဆာန် အညစ်အကြေးဓာတ်ပါဝင်မှု၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများဖြစ် ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်/မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
မိုင်းရှူးမြို့နယ် (မိုင်းစံမြို့အပါ)အတွင်း ကျေးရွာအုပ်စု(၁၇)အုပ်စု၊ ကျေးရွာပေါင်း (၁၇၆)ရွာ ရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း (၅၀)ရှိ အများသောက်သုံးနေရာများမှ နေ့စဉ်သုံးစွဲလျက်ရှိသည့် ရေအရင်းအမြစ်များကို စစ်ဆေးပေးခဲ့ပြီး ကျန်ရှိ သည့် ကျေးရွာများကိုလည်း ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)