သင်္ဃန်းကျွန်း မေ ၂၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အစိုးရအဖွဲ့ ဝန်ကြီးများသည် သင်္ဃန်းကျွန်းမြို့နယ် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း သုဝဏ္ဏတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြ ဆရာ/ ဆရာမများအား အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများက လမ်းပြကြယ်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁ - ၂၀၃၀) ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာမြောက်အပြောင်းအလဲများကို အောင်မြင်မှုရရှိစေရန်၊ အင်္ဂလိပ်စာအခြေခံအရေး၊ အဖတ်၊ အပြောကျွမ်းကျင်စေရန်၊ နိုင်ငံတကာ၌ ဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား ချက်ချင်းသိရှိနားလည်တတ်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယာခင်းရှင်ကိုယ်ပိုင်ကျောင်းမှ စောင်းရွှေတံဆိပ်ဆုရှင် မရှင်းသဒ္ဓါအောင်က နှလုံးသားကိုအလှဆင်ပါ တေးသီချင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများက G-2 သင်ခန်းစာ If you will happy and you know it တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ၅၀၀၀၀၀ ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)