လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန် မေ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်ခရိုင်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေးကော်မတီ၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ ဗဟန်းမြို့နယ် ဂီတအစည်းအရုံး၊ RIT (U-70)တို့ စီစဥ်ကျင်းပသော မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) CommunityCenter ၌ ကျင်းပခဲ့သည်။

ဦးစွာဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှတင့်က အဖွင့်အမှာစကား ပြောကြားပြီးရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍မြန်မာသံစဉ် ဂန္တဝင်အဆိုတော်ကြီးများဖြစ်​သော ဒေါ်ခင်ခင်၊ ဒေါ်ခင်ထွေးမော်၊ တက္ကသိုလ် လဲ့လဲ့တို့က မြန်မာသံစဉ် ဂန္တဝင်​တေးသီးချင်းများကို ​ဖျော်​ဖြေတင်ဆက်ကြသည်။

ယင်းနောက် မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများကို ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းနှင့် လက်ထောက်ညွှန်ကြား​ရေးမှူး ဒေါ်​အေး​အေးခိုင်တို့က ဂုဏ်ပြုလက်ဆောင်များချီးမြှင့်​ပေးအပ်ခဲ့သည်။

ထို​နောက် RIT (U-70)ကအဆို​တော်များနှင့် ဧည့်သည်​တော် အဆို​တော်များက မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆိုဖျော်ဖြေခဲ့​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)