တောင်ကြီး မေ ၂၃
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူ၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပြည်နယ်ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မေ(၂၂)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူဘောင်အဖွဲ့အစည်း တိုးတက်မြင့်မားစေရန်အတွက် အရည်အသွေးပြည့်ဝသော ပညာရေးသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော လူသားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းနေအရွယ် ကျောင်းသားလူငယ်များ၏ သင်ယူမှုအခွင့်အလမ်းများ အပြည့်အဝရရှိအောင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာ/ဆရာများက ကျောင်း၏လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)