ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မူလတန်းပြ ဆရာ၊ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်  သင်တန်းဆင်းပွဲ၊ ကရာတေး/တိုက်ကွမ်ဒို ဆုချီးမြှင့် တက်ရောက်

မြစ်ကြီးနား     မေ ၂

ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မူလတန်းပြ ဆရာ၊ဆရာမများ အင်္ဂလိပ်စာ သင်ကြားရေးစွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း သင်တန်းဆင်းပွဲကို မေ ၂၂ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်အမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးက အင်္ဂလိပ်စာဟာ ယနေ့ခတ်မှာ ဘာသာစကား တခုထက်မကဘဲ ဗဟုသုတများလေ့လာရာ တံခါးပေါက်တစ်ခုဖြစ်ပါကြောင်း၊ အထူးသဖြင့် ကလေး များ၏အခြေခံအုတ်မြစ်ကိုချပေးရသည့် “မူလတန်း” အဆင့်တွင် ဆရာ၊ဆရာမများ၏ အရည်အသွေး လွန်စွာအရေးကြီးပါကြောင်း၊ ကလေးများအား အသံထွက် (Phonectics)ကို အခြေခံမှန်မှန်ဖြင့် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာများ ကိုယ်တိုင်ကျွမ်းကျင်မှုရှိမှသာ ကျောင်းသား/ကျောင်းသူများ အားယုံကြည်မှုအပြည့်ဖြင့် သင်ကြားပို့ချနိုင်မှာဖြစ်ကြောင်း၊ သင်တန်းမှသင်ယူရရှိသောအသိပညာ၊ အတတ်အပညာများအား လုပ်ငန်းခွင်နှင့် မိမိတို့ဘဝတိုးတက်ရေး ထိထိရောက်ရောက် အသုံးချသွား ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီးပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ပညာ‌‌ရေးမှူးတို့က သင်တန်းသား/သင်တန်းသူ များအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံ လေ လုံ အားကစားခန်းမတွင် ကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား ကရာတေး/တိုက်ကွမ်ဒို ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ သွားရောက်အားပေးချီးမြှင့်သည်။

ဦးစွာ ကရာတေး အားကစားသရုပ်ပြအဖွဲ့များက အမျိုးသမီးအသင်းလိုက် ခတ (၃)ယောက် တွဲ၊ အမျိုးသားတစ်ဦးချင်း ခတ၊ အမျိုးသား/အမျိုးသမီး အတိုက် သရုပ်ပြသခြင်း နှင့် တိုက်ကွမ်ဒို အားကစားသရုပ်ပြအဖွဲ့များက တိုက်ကွမ်ဒိုအခြေခံကန်ချက်များ၊ လူကျော်ဘေးတိုက်ကန်ချက် အစရှိသည်တို့အား သရုပ်ပြသကြသည်။

ဆက်လက်ပြီး ဗိုလ်လုပွဲအား ပြိုင်ပွဲအမျိုးအစားလိုက် ဒိုင်လူကြီးများမှ ဦး‌ဆောင်၍ ယှဥ်ပြိုင် ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဒိုင်လူကြီးများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကရာတေးနှင့် တိုက်ကွမ်ဒို ပြိုင်ပွဲတွင် ကစားနည်းအလိုက် ဆုရရှိ သော အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်လည်ဆွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်