တနိုင်း မေ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေခံပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အဆက်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမ၌ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းပွဲများတွင် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင် ဦးအလေးပါးက အမှာစကားများပြောကြားခဲ့ပြီး ဒေသခံကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်လ၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်များ၏ တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုအပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များနှင့် တွေ့ဆုံ ရှင်းလင်းဆွေးနွေး ပွဲများတွင် လူထုသိလိုသည့် အမေးအများဆုံး မေးခွန်းများကို ပါဝါပွိုင့်များဖြင့် ချပြရှင်းလင်းခဲ့ကြသည်။
ထို့နောက် ဒေသခံများက စီမံကိန်းနှင့်စပ်လျဉ်း၍ သိလိုသည်များ၊ စိုးရိမ်ပူပန်မှုများနှင့် အကျိုးခံစားခွင့်ဆိုင်ရာများကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းဆွေးနွေးပွဲများတွင် တနိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ဂျိမ်းဖော၊ ရဝမ်၊ လီဆူ၊ ဗမာ၊ နာဂ၊ ရခိုင် စသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)