ကျောက်တလုံးကြီးမြို့၌ (GAP)စနစ် အသိအမှတ်ပြုလက်မှတ် လျှောက်ထားသော ကြက်သွန်ဖြူ စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှု

ကျောက်တလုံးကြီး  ဇန်နဝါရီ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီပုန်းကျေးရွာ၌ (GAP) စနစ် အသိအမှတ်ပြု လက်မှတ်လျှောက်ထားသော ကြက်သွန်ဖြူစိုက်တောင်သူများ၏ စိုက်ခင်းကို ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်  (၈:၀၀) နာရီအချိန်ခန့် က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)စနစ် အသိအမှတ်ပြု လက်မှတ်လျှောက်ထား သော ထီပုန်းကျေးရွာ၌ ကြက်သွန်ဖြူစိုက်တောင်သူ (၁၂)ဦး၏ ကြက်သွန်ဖြူစိုက်ခင်း (၄.၂၀)ဧက အား ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုရာတွင် ပိုးမွှားများကျရောက်မှု ရှိ/မရှိ   စစ်ဆေး၍ ပေါင်းမြက်များနှိမ်နှင်းရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းစနစ် စိုက်ပျိုးခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သီးနှံအရည်အသွေးမြင့်မားရန်၊ လုပ်သား ကျန်းမာရေးနှင့် လူမှုဘဝမြင့်တင်ရန်ဖြစ်ပြီး ဓာတုပိုးသတ်ဆေး၊  ဓာတုဓာတ်မြေဩဇာများကို  အချိုးအစားကျကျ စနစ်တကျသုံးစွဲခြင်းကြောင့်  ကုန်ကျစရိတ်များ သက်သာ၍   အသီးအနှံများလည်း  အရည်အသွေး ပြည့်မှီခြင်းကြောင့် ဈေးကောင်းပိုမိုရရှိကြောင်း ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မြဝင်း(ပြန်/ဆက်)