မိုင်းတုံ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၁:၀၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင် က ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်း က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရာတွင်လိုအပ်ချက်နှင့် ပြည့်စုံရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုရှိပြီး လက်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် ရွေးချယ်ခန့်အပ်သွားမည် ဖြစ်သည်။
အဆိုပါ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအား မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများ၊ ဘာသာစကားကျွမ်းကျင်သူ (စကားပြန်)များဖြင့် အဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ခွဲဝေချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)