မိုင်းယောင်းမြို့နယ်၌ အသွားအလာကန့်သတ်ထားသူများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေး

မိုင်းယောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ က ကိုဗစ်-၁၉ အတည်ပြုလူနာ လေးဦးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လာရောက်သူများဖြစ်၍ အ.မ.က(၅) Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဇန်နဝါရီ ၁၆ ရက်က ဓာတ်ခွဲနမူနာ ရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)တွင် ပေးပို့စစ်ဆေးရာ အမျိုးသားလေးဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့သည်။

ထို့နောက် ဆေးကုသမှုဆက်လက်ခံယူနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မော်တော်ယာဉ်ဖြင့် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်သို့ ပို့ဆောင်ပေးခဲ့သည်။

၎င်းတို့လေးဦးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ယနေ့အချိန်ထိ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စုစုပေါင်း အတည်ပြုလူနာ လေးဦး ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း