မင်္ဂလာဒုံ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက သင်တန်းသား၊ သင်တန်းသူများအား နောင်နှစ်များတွင်လည်း ယခုကဲ့သို့ သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ စနေနေ့များတွင်လည်း စာကြည့်တိုက်ဖွင့်ထားပါသဖြင့် စာကြည့်တိုက်သို့ လာရောက်စာဖတ်ကြကာ စာအုပ်များငှားရမ်းနိုင်ပါကြောင်းပြောကြားပြီး ပန်းချီဆရာ မောင်ယဉ်ဝေ(ဥက္ကလာ)က ဆုရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးလေးမြင့်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး သင်တန်းနည်းပြဆရာအား ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။
၎င်းနောက် ဆုရသင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကြပြီး သင်တန်းသား၊ သင်တန်းသူများက ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)