မိုင်းယောင်းမြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော

မိုင်းယောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဟွေဖကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ပြုလုပ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးကဲများက ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊  ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ကာကွယ်ရေးနှင့် ဒေသအတွင်း မီးခိုးမြူငွေ့ ဖုံးလွှမ်းမှု ကြိုတင်ကာကွယ်ရေးများကို အသီးသီး ဆွေးနွေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသူများက ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းစင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း