မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးသို့တက်ရောက်

မော်လမြိုင် မေ ၂၂

အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အစိုးရသစ်အနေဖြင့် ပြည်သူလူထုအကျိုးရှိစေမည့်လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနအသီးသီး၏ ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ချမှတ်ထားသည့်မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်းမှာ ထိထိမိမိနဲ့ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တိုးတက်မှုရလဒ်များပေါ်လွင်ပြီး အချိန်မီပြီးစီးအောင် ကြိုးစားပမ်းစားလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများလျာထားမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးကြရန်၊ မြေပြင်အခြေအနေမှန်ကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်မြန်ဆန်မှုကို အထောက်အကူပြုနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့် အတွက် ဝိုင်းဝန်းရှင်းလင်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှရှင်းလင်း တင်ပြခဲ့ကြမှုအ‌ပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တင်ပြချက်များနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးမှလည်းကောင်း၊ လူမှုရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ တင်ပြချက်များနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်တင်ပြခြင်းအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)