မော်လမြိုင် မေ ၂၂
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနအတွက်ရော၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာအတွက် အလွန်အရေးကြီးသည့် အခမ်းအနားဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အဂတိကင်းစင်သော ဝန်ဆောင်မှုဖြင့် နိုင်ငံတော်ဘဏ္ဍာငွေရှာဖွေသွားကြရမှာဖြစ်ကြောင်း၊ ယနေ့ဟောပြောပွဲမှ ရရှိသည့် အသိပညာများနှင့်အတူ မိမိတို့ဌာနကို အဂတိကင်းစင်သော စံပြဌာနတစ်ခုဖြစ်အောင် ဝန်ထမ်းအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောက်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြည်နယ်ရုံးခွဲရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမင်းဟိန်းမှလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်လင်းမှလည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား Power Pointဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောဆွေးနွေးပွဲသို့ လမ်းပန်းဆက်သွယ်ရေးသွားလာရခက်ခဲသော မြို့နယ်များဖြစ်သည့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ရေးမြို့နယ်ရှိ ဝန်ထမ်းများက Video Conferencingဖြင့် လည်းကောင်း၊ မွန်ပြည်နယ်ရုံးနှင့် ကျန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများရှိ ဝန်ထမ်းများမှ ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး အစည်အဝေးခန်းမ၌ လည်းကောင်း၊ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)