တာမွေ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုက ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးစွဲသူများအား မူးယစ်ဆေးဖြတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုများ၊ ဆေးဖြတ်ပြီးပါကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ မိဘအုပ်ထိန်းသူများ၏ အပ်နှံမှုဖြင့် အသင်းရုံးရှိ မေတ္တာစံအိမ်တွင် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်