ကျောက်ဆည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု ဘူတာကျေးရွာ “အင်းလျား”အင်း၌ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးလုပ်ငန်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်ဝေဝေက မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၏ ရည်ရွယ်ချက်များ၊ တာမြစ်ငါးဖမ်းကာလ၊ တားမြစ်ကန့်သတ်ထားသော ငါးဖမ်းနည်းစနစ်များ၊ ဘက်ထရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း၏ ဆိုးကျိုးများ၊ အဆိပ်ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများ၊ ပြဒါးနှင့်ဆိုင်ယာနိုက်များ၏ ဆိုးကျိုးများ၊ အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်းဟောပြောပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
“အင်းလျား”အင်းသည် ဒုဋ္ဌဝတီမြစ်မှ ရေသွင်းရေထုတ်ပြုလုပ်ကာ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အင်းတစ်အင်းဖြစ်ပြီး အင်းအကျယ်အဝန်း ၇၁၄ ဒသမ ၂၈၉ ဧက ရှိကြောင်းနှင့် ပုံမှန်ရေအနက် ၁၀ ပေ၊ မြစ်ရေတက်ချိန်၌ ၁၅ ပေ၊ မြစ်ရေကျချိန်၌ ၅ ပေ ရှိကြောင်း အင်းသူကြီး ဦးကျော်ထက်ထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)