မောက်မယ် မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀)စီမံ ချက်ဖြင့် ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို မေလ ၁၈ ရက်နေ့မှမေလ ၂၂ ရက်နေ့အထိ လွိုင်ခွမ်ရွာဟောင်း၊ အရှေ့ပူးယာစန်းရွာ၊ လွိုင်ဆမ်ဆစ်ရွာ၊ ကဒူးလေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၉ နာရီတွင် စဥ့်ဝင်ကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာ၊ မိုင်းယွန်းဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်တီဘီရောဂါရှာဖွေရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာစိုင်းသန်းထိုက်အောင်အဖွဲ့နှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းနှင့်ဝန်ထမ်းများကပူးပေါင်း၍ ကျေးရွာနေပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့်အသိပညာများ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တီဘီသံသယရှိသူလူနာအား ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်း၊ သက်ကြီးဘိုးဘွားများနှင့်ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအားကျန်းမာရေးစောင့်ရှောက်မှု စမ်းသပ်စစ်ဆေးပေးပြီး အထွေထွေရောဂါကုသပေးခဲ့ရာ ဘိုးဘွားများနှင့်ဒေသခံပြည်သူများလိုအပ်သည့် ဆေးဝါးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)