ချမ်းအေးသာစံ မေ ၂၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား”ကို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၀×၃၁လမ်းကြား၌ ယနေ့မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်မြင့်ဋ္ဌေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုထွေး၊ မဟာအောင်မြေခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်လေးဖြူ၊ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်တို့မှ “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား” အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ဖြန်းပက်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
“နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ခေါင်းစဥ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးကာလကို မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး၊ ခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်လေးဖြူ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)