ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး မိုးညှင်းမြို့နယ်အတွင်း ကျေးရွာများတွင် လွှတ်တော်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

မိုးညှင်း မေ ၂၂

ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကျေးရွာများတွင် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေ(၂၀)ရက် နံနက်ပိုင်းကစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ သာယာကုန်းခေတ်မီစံပြကျေးရွာနှင့် ဟဲလုံခေတ်မီစံပြကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ တင်ပြမှုအပေါ် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများမေးမြန်း၍ ဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်စပ် ဆောင်ရွက်ပေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြား ပို့ချနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် အဖွဲ့သည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ နန့်ပုတ်ကျေးရွာရှိ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ တံတားအရှည်ပေ(၁၃၀)၊ အကျယ်(၁၂)ပေရှိ လယ်ယာကုန်ထုတ် ကျေးရွာချင်းဆက်ထားသည့် အုတ်ခုံတိုင်နှင့် သစ်သားတံတားအား ကြံ့ခိုင်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ နန့်ပုတ်-ညောင်ကိုင်း ကျေးရွာချင်းဆက် နန့်တဲလိန်ချောင်းကူးတံတားနှင့် ညောင်ကိုင်း-ကာဒူ ကျေးရွာချင်းဆက် သံဘောင်ကြိုးတံတား၏ဘေးတွင် ပြည်သူများအသွားအလာ အဆင်ပြေစေရန် တံတားအသစ်ပြန်လည် တည်ဆောက်နိုင်ရေးတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ လိုအပ်တင်ပြချက်များအပေါ် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် အုတ်ကျင်းရပ်ကွက်ပိုင် စက်ကုန်းရပ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် မြေထိန်းနံရံတည်ဆောက်မည့် နေရာများကိုလည်းကောင်း၊ နားခါရပ်ကွက်ပိုင် အောင်ချမ်းသာရပ်တွင် ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းမှ အမှိုက်သရိုက်များနှင့် သဲနှုန်းများရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့မရပ်ကွက်ပိုင် မြို့မစည်ပင်သာယာ‌ဈေး၏ အနိမ့်ပိုင်းရှိ ပျံကျဈေးတန်းအား အဆင့်မြင့်တင် တည်ဆောက်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ လုပ်ထုံး လုပ်နည်းများအတိုင်း ပေါင်း‌စပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ ဆေးရုံ၏ ကျန်းမာ‌ရေး‌စောင့်ရှောက်မှုပေးခြင်းဆိုင်ရာ လိုအပ်ချက်များကို မြို့မိမြို့ဖများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ဆဲဖြစ်သည့် နှစ်ထပ်ဆောင် ဝန်ထမ်းအိမ်ရာလိုင်းခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း