မိုင်းပျဉ်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အသိပညာပေးကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို  ၂၀၂၆ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်း‌ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးထက်က စပါးအထွက်နှုန်းတိုးမြှင့်‌ရေး၊ မျိုးကောင်းမျိုးသန့်သီးနှံစားပင်များ စိုက်ပျိုးနိုင်ရေးနှင့် သဘာဝသစ်ဆွေးမြေဩဇာများ ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်အကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သန်းက ကျွဲ၊ နွား၊ ကြက်၊ ဝက်စသဖြင့် မွေးမြူကြရာ၌ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားတတ်သော ရောဂါအမျိုးအစားများအကြောင်းတို့ကိုလည်းကောင်း အလှည့်ကျဆွေးနွေးဟောပြောကြရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်တို့က ရှမ်းဘာသာများဖြင့် ပြန်လည်ရှင်းလင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့်  စိုက်ပျိုးမွေးမြူရေးအသိပညာပေး ကွင်းဆင်း‌ရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ဝမ်ယမ်းကျေးရွာ ကျေးလက်ပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)