ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည်  မေ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ​လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်ခြင်း၏ တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ခြင်း၏အကျိုး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  အသိပညာပေး ဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က စာမှန်မှန်ဖတ်ခြင်းက ဦးနှောက်စွမ်းရည်ကို တက်ကြွစေပြီး စဉ်းစားဆင်ခြင်ဉာဏ်ကို ရင့်သန်စေကြောင်း၊ သုတ၊ ရသ စာပေများ ဖတ်ရှုခြင်းဖြင့် နေ့စဉ်ဘဝ၏ စိတ်ပင်ပန်းမှုများကို ပြေပျောက်စေနိုင်ကြောင်း အသိပညာပေး ဟောပြောပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး နံရံ ကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)