တံတားဦးမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တွေ့ဆုံ

တံတားဦး မေ ၂၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်နိုင်ရေး Grade – 9 ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် တော်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးကျောင်းအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်မင်းဦးကလည်းကောင်း၊ စိုက်ပျိုးရေးကျောင်းအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဆန်းလင်းကလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည် ။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် Grade – 9 ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းပေးကြသည်။ အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ သုံးနှစ်တက်ရောက်ရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများကို တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)