လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောက်ဆည် မေ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကိုဆိုလိုကြောင်း၊  ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့်အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်း စသည့် အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)