တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်း၊ ရုံးကြီးလမ်း၊ သစ်တော ရပ်ကွက်ရှိ အစိုးရအဖွဲ့ရုံးဟောင်း၀န်းအတွင်းရှိ ယခင်ကော်မရှင်ရုံးတွင် ယနေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ (RDT) စစ်ဆေးရေးဌာန ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(RDT)ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ အပူချိန်တိုင်းတာခြင်း၊ ကိုယ်ရေးရာဇဝင်နှင့် ခရီးသွား မှတ်တမ်းများ မေးမြန်းခြင်း၊ လက်ဆေးခြင်းများပြုလုပ်စေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့အတွင်း နေထိုင်သူများအနက် လေကြောင်းခရီးစဉ်၌ လိုက်ပါစီးနင်းမည့်သူများ၊ လတ်တလော အနံ့ပျောက်ဆုံးခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူခက်ခြင်း၊ အရသာပျောက်ခြင်းနှင့် နှာချေခြင်းစသည့် ရောဂါလက္ခဏာ တစ်ခုခုခံစားနေရသူများအနေဖြင့် မည်သည့်အသက်အရွယ်မဆို မိမိဆန္ဒအလျောက်လာရောက် စစ်ဆေးနိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးမည့်အချိန်မှာ နေ့စဉ် နံနက် ၉ နာရီ ၃၀ မိနစ် မှ မွန်းတည့် ၁၂ နာရီ ထိ၊ မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ထိ ဖြစ်ပြီး တစ်ဦးလျှင် စစ်ဆေးခ ၁၀၀၀၀/-(တစ်သောင်း)ကျပ် ကုန်ကျမည်ဖြစ်ရာ စစ်ဆေးခကို မိမိအစီအစဉ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း နှင့် ကိုဗစ်−၁၉ ရောဂါ စစ်ဆေးလိုပါက တယ်လီဖုန်းအမှတ် ၀၉၄၂၄၅၉၈၀၈၉ သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်