ကျောက်တလုံးမြို့၌ ကြက်သွန်ဖြူအထွက်နှုန်းကောင်းသဖြင့် တောင်သူများ အဆင်ပြေ

ကျောက်တလုံးကြီး မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဆောင်းရာသီတွင် စိုက်ပျိုးခဲ့သော ကြက်သွန်ဖြူစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ခဲ့၍ လက်ရှိရိတ်သိမ်းပြီးချိန်တွင် ကြက်သွန်ဖြူအထွက်နှုန်းကောင်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်ဖြူများကိုစိုက်ပျိုးရာ၌ မိုးစပါးများရိတ်သိမ်းပြီးကာလတွင် လယ်မြေများ ထွန်းရေးညှပ်အောင်ပြုပြင်ကာဘောင်ဖော်ပြီး မြေအောင်းအဖြစ် နွားချေးနှင့် ဒီစူပါမြေဩဇာထည့်ကာ တစ်ပင်နှင့်တစ်ပင်နှစ်လက်မ၊ တစ်တန်းနှင့် တစ်တန်း လေးလက်မခွာ၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး တစ်ပတ်အကြာ ပေါင်းပင်များနှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပက်ဖျန်းခြင်းကို ဆောင်ရွက်ကြောင်း၊ လေးပတ်ကြာလျှင် ပုလဲနှင့် အာမိုရ်မြေဩဇာ ထည့်သွင်းပေးပြီး ပေါင်းပင်များအား နှစ်လအရွယ်အထိ နှိမ်နင်းပေးရကြောင်း၊ ရက်ပေါင်း (၉၀) အကြာတွင် ကြက်သွန်ဖြူများစဖူး၍ ကြက်သွန်ဖြူဥကြီးထွားရန် အဖူးများကိုခူးချွေပေးရကြောင်းသိရသည်။

အဆိုပါ ကြက်သွန်ဖြူစိုက်ပျိုးသည့် ရက်ပေါင်း (၁၂၀) ခန့်အကြာတွင် ပင်စည်နှင့်အရွက်ဝါလာ ပါကလက်ဖြင့် ဆွဲနှုတ်သိမ်းယူနိုင်ကြောင်း၊ ကြက်သွန်ဖြူပိဿာချိန် (၁၀၀) စိုက်ပျိုးလျှင် စံနှုန်းအရ ပိဿာချိန် (၈၀၀) မှ (၁၂၀၀) ကြားထွက်ရှိနိုင်ကြောင်း၊ ယခုနှစ်အတွင်း ကြက်သွန်ဖြူဥများ အရည်အသွေးပြည့်မီပြီး အထွက်နှုန်းကောင်းကာ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်ရရှိသဖြင့် မိသားစုဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသူ ဒေါ်နန်းစော ထံက သိရသည်။

ဇော်နိုင်လင်း