လားရှိုး မေ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးမြေစိုက်ပိုစတာများအား စုစုပေါင်း နေရာ ၆ နေရာတွင် တစ်ပြိုင်နက်တည်းစိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာနေရာများ၌ အသီးသီးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါဝင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးမြေစိုက်ပိုစတာများအား သက်ဆိုင်ရာနေရာများ၌ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် လှုပ်ရှားမှု မြေစိုက်ပိုစတာများအားစိုက်ထူခြင်းအား ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၂)၊ အ.လ.က(လေ့ကျင့်ရေး)နှင့် အ.မ.က(နမ့်ခိုက်) စသည့် စုစုပေါင်းနေရာ (၆) နေရာတို့တွင် တစ်ပြိုင်နက်တည်း စိုက်ထူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ရှမ်းမြောက်မှ သိရသည်။
လူမော် (ပြန်/ဆက်)