ပုဗ္ဗသီရိ မေ ၂၂
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေရွယ်ကလေးငယ်များအတွက် ပဏာမမျက်စိစမ်းသပ် စစ်ဆေးခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် မြို့နယ်သူနာပြုအဆင့်(၁)ဒေါ်မိုးမိုးခိုင်တို့က ကလေးများ၏မျက်စိအမြင်အားနည်းမှုတွင် အတွေ့ရအများဆုံးအကြောင်းရင်းများ၊ အခြေခံပညာကျောင်းများတွင် ကလေးများ၏မျက်စိအမြင်နှုန်းစစ်ဆေးပုံ၊ ပုံမှန်ကောင်းသောမျက်စိအခြေအနေနှင့် ရောဂါဖြစ်နေသောမျက်စိ၏ထူးခြားချက်များ၊ မျက်စိအမြင်အားနည်းနေသောသို့မဟုတ် မျက်စိရောဂါတွေ့ရှိရသောကလေးများအား မည်သို့ဆက်လက်ညွှန်းပို့ရမည့် အကြောင်းအရာများအား သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ကျောင်းနေရွယ်ကလေးများအား ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းသည် အထူးအရေးပါသောလုပ်ငန်းဖြစ်ပြီး ကလေးငယ်များ၏ သင်ကြားသင်ယူမှုများအနက် ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် အမြင်အာရုံကိုအခြေခံရသဖြင့် ကျောင်းနေအရွယ် ကလေးများ၏အမြင်အာရုံအားနည်းချက် ရှိ/မရှိ စစ်ဆေးပေးခြင်းကြောင့် အားနည်းချက်ရှိလျှင် စောစီးစွာသိရှိနိုင်မည်ဖြစ်ပြီး ကုသမှုကိုအချိန်မီခံယူနိုင်မည်ဖြစ်ကာ ကလေးများ၏ပညာရေးတိုးတက်မှု၊ လူမှုရေးနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုတို့ကို များစွာအထောက်အကူပြုပေးနိုင်ရန်ရည်ရွယ်ကာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)