ကျောက်မဲမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ(၅)ရွာအတွက် အိမ်သုံးဆိုလာစုံ ၁၀၇ စုံ ထောက်ပံ့ပေးအပ်

ကျောက်မဲ မေ ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများမီးလင်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျပ်သိန်း ၄၂၀ ကျော် တန်ဖိုးရှိ အိမ်သုံးဆိုလာစုံများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါမြို့နယ်၊ ကျွဲကုန်းကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံကျေးလက်နေပြည်သူများ ညဉ့်အခါ မီးလင်းရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ယခုကဲ့သို့ အိမ်သုံးဆိုလာစုံများထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အိမ်သုံးဆိုလာစုံများထောက်ပံ့ပေးအပ်ရာ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ လွယ်မွန်း၊ ပန်လုံ၊ ဟွေရင်း၊ ပန်းလင်းနှင့် နမ့်လင်းကျေးရွာ (၅) ရွာအတွက် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၄၂၈ သိန်း တန်ဖိုးရှိ အိမ်သုံးဆိုလာ (၁၀၇) စုံကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ကျောက်မဲခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အောင်နှင့်တာဝန်ရှိသူတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ အသီးသီးလွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ယခုကဲ့သို့ အိမ်သုံးဆိုလာစုံများထောက်ပံ့ပေးခြင်းကြောင့် မီးဘေးအန္တရာယ်စိုးရိမ်ရသည့် ဖယောင်းတိုင်နှင့် ရေနံဆီမီးခွက်များအစား ဆိုလာလျှပ်စစ်မီးကို စိတ်ချယုံကြည်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ဖုန်းနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများ အလွယ်တကူအားသွင်းအသုံးပြုနိုင်ခြင်းစသည့် ရေရှည်အကျိုးကျေးဇူးများကို ခံစားရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်