ဇေယျာသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက် ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာရေးဆရာ စိန်ဝင်းနွယ်၊ ရဲမွန်ကျော်နှင့် စာရေးဆရာမ ချယ်ချယ်(YU)၊ မောင်ရည်ကျော်(ရူပ)တို့က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်း ချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)