လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ

လွိုင်လင်  မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ လွိုင်လင်မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်မင်းနိုင်တို့က အသီးသီးမိတ်ဆက်စကားပြောကြားကြသည်။ ထို့နောက် တွေ့ဆုံပွဲတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခဲ့ကြသည်။  ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခုနှစ် စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကိုကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး