မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းနှင့် ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

မော်လမြိုင် မေ ၂၂

ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ငါးလုပ်ငန်းစခန်း(သထုံ)သို့ ရောက်ရှိစစ်ဆေးရာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေး၊ ငါးသားပေါက်စခန်းမှ သင်တန်းသားများခေါ်ယူ၍ အခြားမြို့နယ်များ၌လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားကာ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ရေချိုငါးမွေးမြူရေးကန်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ရှင်းလင်း‌ဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိက ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ကျုံကဥယျာဉ်ခြံသီးနှံ မျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ သီးနှံများအတွက် ရေလုံလုံလောက်လောက်ရရှိရေး၊ အပင်များ ရောဂါပိုးအန္တရာယ်မှကာကွယ်‌ရေး၊ ရေမြေဒေသနှင့်ကိုက်ညီသောပျိုးပင်များ ထုတ်လုပ်ရေး၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြစေရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥယျာဉ်ခြံအတွင်း နှစ်ရှည်ပင်ကြီးများ ကိုင်းဆက်ပင်ဖူးဆက်ပင်များ၊ မျိုးပွားကော်ဖီပျိုးပင်၊ ကြက်မောက်ပျိုးပင်နှင့် ဒူးရင်းပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျုံကခြံထွက်ပျိုးပင်များ အရောင်းအဝယ်ဖြစ်ထွန်းမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)