လသာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

လသာ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် မိဘပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ လသာမြို့နယ်၊ အ.ထ.က(၁)လသာကျောင်းရှေ့ (ဗိုလ်ချုပ်လမ်း)၊ မြို့နယ်ပညာရေးမှူးရုံး (ရွှေတိဂုံဘုရားလမ်းဖက်)၊ အ.မ.က(၁) (အနော်ရထာလမ်း)တို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် အသိပညာပေး နှိုးဆော်ထားပြီး ၂၀၂၆ ခုနှစ်၊ မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်သတ်မှတ်ကာ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေလင်း