စစ်တွေ မေ ၂၁
ပြည်ထောင်စုအစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေခရိုင်ဘဏ်ခွဲ၌ ဒုတိယနေ့အဖြစ် ကျင်းပသည်။
ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲ ပြည်နယ်မန်နေဂျာ ဦးမိုးဟိန်းက ပြည်ထောင်စုအစိုးရ၏ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စများအနက် တစ်ခု ဖြစ်သော တောင်သူလယ်သမားများကို ချေးငွေနှုန်းထား တိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့နယ်တွင် အကြောင်းကြောင်းကြောင့် ရပ်နားနေခဲ့သည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း၊ ယခုချေးငွေများကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းထဲသို့ ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်သွားကြရန်၊ သီးနှံပေါ်ချိန် သတ်မှတ်ကာလတွင် အကျေအလည် ပြန်လည်ပေးဆပ်ခြင်းဖြင့် ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီရရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ စစ်တွေခရိုင်မန်နေဂျာ ဦးမိုးဇော်ရွှေက ချေးငွေစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက မောင်နီပြင်ကျေးရွာမှ တောင်သူ ၂၆ ဦးအား မိုးစပါးသီးနှံ စိုက်ပျိုးဧက ၁၃၃ ဧကအတွက် ငွေကျပ် ၃၉ ဒသမ ၉၀ သန်းကို ထုတ်ချေးပေးကြသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စစ်တွေခရိုင်ဘဏ်ခွဲအနေဖြင့် ယနေ့အထိ ကျေးရွာ (၂)ရွာမှ တောင်သူ ၁၁၃ဦး၏ မိုးစပါးစိုက်ဧက ၅၇၄ဧကအတွက် ချေးငွေ ၁၇၂ ဒသမ၂ သန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)