ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်

စစ်တွေ   မေ ၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သော စိစစ်မှုများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းများဆောင်ရွက်နေမှုနှင့် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စစ်တွေ ခရိုင်ဘဏ်ခွဲသို့ သွားရောက်ကာ အစိုးရ၏ ရက်ပေါင်း(၁၀၀) စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ဝန်ထမ်းများက ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဦးစွာပြည်နယ်ဝန်ကြီးချုပ်သည် မောင်နီပြင်ကျေးရွာမှ တောင်သူများအားတွေ့ဆုံပြီး ယခုချေးငွေများကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းထဲသို့ ထိထိရောက်ရောက်အသုံးပြုဆောင်ရွက်သွားရန်နှင့် သီးနှံပေါ်ချိန်သတ်မှတ်ကာလတွင် အကျေအလည်ပြန်လည်ပေးဆပ်ခြင်းဖြင့် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ ရရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်ဖော်ဆောင်နိုင်ရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားပြီး တောင်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများကတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေ ၂၀ ရက် ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတန်းစာအုပ်များ ရောက်ရှိပြင်ဆင်ထားရှိမှုနှင့် ရေစီးရေလာ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း(မင်းဂံ)နှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကြပြီး အဆိုပါ ကျောင်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ စာရေးကိရိယာများရောက်ရှိနေမှုနှင့် ကျောင်းအတွက် လိုအပ်ချက်များကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းသို့ ရောက်ရှိစေရေး ကျောင်းသား၊ ကျောင်းသူများအတွက် ရေအိမ်များစနစ်တကျကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ စာသင်ခန်းများ အားလုံး အမိုးအကာလုံခြုံရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် လိုအပ်သောလျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး၊  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် အရိပ်ရပင်များအား အောက်ခြေရှင်းအလင်းဖွင့်ခြင်း ဆောင်ရွက်သွားနိုင်ရေး  စည်ပင်သာယာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းများရှိ ကျောင်းစာကြည့်တိုက်များတွင် သုတ၊ ရသ စာအုပ်စာစောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှု များအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် လိုအပ်သည့်ရေမြောင်းများ တူဖော်ပြီးစီးနေမှုနှင့် ဆက်လက် တူးဖော်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ဒါးပိုင်စိုက်ကွင်းအတွင်း ဆိုလာစနစ်ဖြင့် စက်ရေတွင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်ရှိ လမ်းသွယ်များအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ ဦးကျော်မိုးနှင့်တာဝန်ရှိသူများ လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ရှုခင်းသာလမ်း၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး အနောက်ဘက်ရှိ မြေကွက်လပ်တွင် အများပြည်သူ စိတ်အပန်းဖြေနားနေနိုင်ရန်အတွက် မြေယာရှုခင်းအလှ ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး