သာစည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေ ၂၀ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး သင်တန်းနည်းပြက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကားများပြောကြားသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဦးစီးမှူးတို့က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ကြသည်။ သင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဆည်ကြီး(တောင်)၊ ဆည်ကြီး(မြောက်)၊ ငှက်မင်းကုန်း၊ ကျီတိုင်ကုန်း(တောင်)၊ ရွာကြီးနှင့် နှမ်းကန်ကျေးရွာတို့မှ သင်တန်းသူ ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၀ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်