မန္တလေးတိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျောက်ဆည်မြို့ရှိ ပျိုးဥယျာဉ်များကြည့်ရှုစစ်ဆေး

မန္တလေး မေ ၂၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများရှိ ပျိုးဥယျာဉ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးသည် ကျောက်ဆည်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး မြို့မ(အမြဲတမ်း)ပျိုးဥယျာဉ်လူထုဖြန့်ပျိုးပင် ၂၀,၀၀၀၊ အထူးပျိုးပင်  ၆၄,၀၀၀၊ မြို့နယ်အစီအစဉ်ဖြင့် ပျိုးထောင်ထားသောပျိုးပင် ၈,၉၃၁ ပင်၊  စုစုပေါင်း သစ်မျိုး(၁၃)မျိုး ပျိုးပင်(၉၂,၉၃၁)ပင် ပျိုးထောင်ဆောင်ရွက်မှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ ပျိုးပင်များဖြန့်ဝေရာတွင် အမှန်တကယ်စိုက်ပျိုးလိုသူများ  လက်ဝယ်ရောက်ရှိစေရေးဖြန့်ဝေဆောင်ရွက်ရန်၊ ဖြန့်ဝေပေးခဲ့သည့် ပျိုးပင်များစိုက်ပျိုးမှုနှင့် ရှင်သန်အောင်မြင်မှုတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်၊ ပြည်သူများ သစ်တောသစ်ပင် တန်ဖိုးသိရှိ၍ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းမှုများ၌ ပူးပေါင်းပါဝင်လာစေရေး အသိပညာပေး ဆောင်ရွက်ရန်၊ မြေအစိုဓာတ်လုံလောက်သည့်အချိန်တွင် စိုက်ပျိုးနိုင်ရေးအတွက် ကျင်းတူးခြင်း၊ မြေဆွေးထည့်ခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးသည် မြို့မ(အမြဲတမ်း)ပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိသည့်  ပျိုးပင်(၄၅,၁၃၃)ပင်၏ ပျိုးထောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးသည့် အခါတွင် ပျိုးပင်များ တစ်ပင်စိုက်တစ်ပင်ရှင်သန်မှုရှိစေရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိစေ‌ရေး အလေးထားဆောင်ရွက်ရန်၊ ပျိုးပင်များဖြန့်ဝေပြီးစီးပါက  ပျိုးပေါင်လွတ်များတွင် လာမည့်နှစ် အတွက် ပျိုးပင်များ ထပ်မံပျိုးထောင်ရန်တို့ကို လမ်းညွှန်မှာကြားသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ရောက်ရှိပြီး သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအားတွေ့ဆုံ၍ မိုးရာသီသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်မောင်(သက်မောင်)