ကျောက်ပန်းတောင်း မေ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပျားမွေးမြူရေးဌာနခွဲ၊ မြို့နယ်တာဝန်ခံရုံးမှ ဦးစီး၍ အစိုးရသစ် ရက်(၁၀၀)အတွင်း ဆောင်ရွက်မှုအဖြစ် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းနှင့် ပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားနည်းချက်/အားသာချက်များ ချပြရှင်းလင်းခြင်းကို၊ မေ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက လယ်ယားတောင်ကျေးရာအုပ်စုရှိ ရေထွက်ကျေးရွာ၊ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသုရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါက်တာ သန်းထွန်းလင်း (လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က စိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးလုပ်ငန်း ဆက်စပ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မူမူခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသိန်းကိုက ပျားရည် ထုတ်လုပ်ရေး၊ ပျားဖယောင်း ထုတ်လုပ်ရေး၊ ပျားဝတ်မှုံထုတ်လုပ်ရေး၊ ပျားအုံတိုးပွားရေးနှင့် ပျားဘုရင်မမွေးမြူရေး ပျားရောဂါ ကာကွယ်/ကုသရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဟောပြောပြီး၊ ဖော့ပျားအိမ်၊ ကျွန်းပျားအိမ်၊ အထပ်သားပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားသာချက်/ အားနည်းချက်များကို ချပြရှင်းလင်း၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ မေးမြန်းမှု များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယင်းနောက် ခင်းကျင်းပြသထားသည့် ပျားရည်အမျိုးမျိုးနှင့် ပျားမွေးမြူ ရေးလုပ်ငန်းသုံးပစ္စည်းများကို တိုင်းတာဝန်ခံက လိုက်လံရှင်းလင်းပြသပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြအဖြစ် မြို့နယ်တာဝန်ခံဒေါ်မူမူခိုင်(ဦးစီးအရာရှိ)နှင့် ဦးသံဒိုင် (ဒုတိယဦးစီးမှူး) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ၃ ရက်ဖြစ်ကြောင်းနှင့် သင်တန်းသို့ စီးပွာဖြစ် ပျားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် စီးပွားဖြစ် ပျားရည်ထုတ်လုပ်သူ ၁၅ ဦး၊ နေကြာစိုက်တောင်သူ ၂၀ ဦး စုစုပေါင်း ၃၅ ဦးတို့အား ချပြရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ ပျားလုပ်ငန်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသိန်းကို၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်အေးအေးမော်နှင့် ဝန်ထမ်းများ၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ မြို့နယ်တာဝန်ခံ ဒေါ်မူမူခိုင်နှင့်ဝန်ထမ်းများ၊ စီးပွားဖြစ် ပျားမွေးမြူ/ထုတ်လုပ်သူများ၊နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)