မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြောက်ဥက္ကလာပ မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မို့မို့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခဲ့ကြသည်။ မြောက်ဥက္ကလာပ‌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူထားရှိရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၃ ကျောင်းရှိသည်။ အဆိုပါကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၅) ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ထို့‌နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လှုမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် တာဝန်ရှိသူများစုပေါင်း၍ ကျောင်းပတ်၀န်းကျင်နှင့် အနီးအနားရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းပြီး ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)